Registration Ceremony of MAGDPL to Pre Listing Board (PLB) on Yangon Stock Exchange

14 August 2024

ရန်ကုန်စတော့အိပ်ချိန်း၏ဒုတိယဈေးကွက် (Pre Listing Board – PLB) တွင် #MAGDPL မှ ပထမဆုံး မှတ်ပုံတင်ကုမ္ပဏီအဖြစ် ၀င်ရောက်လာခြင်း အခမ်းအနား

အများပိုင်ကုမ္ပဏီများအတွက် အရင်းအနှီးဈေးကွက်မှတစ်ဆင့် အရင်းအနှီးရယူ စုစည်း နိုင် စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိပ်ချိန်းတွင် မူလရှိပြီး စာရင်းဝင်ဈေးကွက်အပြင် နိုင်ငံတကာ စတော့အိပ်ချိန်းများကဲ့သို့ ဒုတိယဈေးကွက်အဖြစ် စာရင်းဝင်အကြိုဈေးကွက် (Pre listing Board-PLB) ကို တည်ထောင်ထားရှိပါသည်။

ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီအဖြစ် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုး တိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (Myanma Agricultural & General Development Public Co., Ltd – MAGDPL) အစုရှယ်ယာများကို ရန်ကုန်စတော့အိပ်ချိန်းစျေးကွက်မှ တဆင့် ရောင်း၀ယ်မှုပြုလုပ်နိုင်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်၊၂၄-၂၆၊ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်စတော့အိပ်ချိန်း၊ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်ဦး ကိုယ်စား ရန်ကုန်စတော့အိပ်ချိန်း၊ ဒါရိုက်တာ ဒေါ်ဖြူဖြူဌေး မှ PLB တွင် မှတ်ပုံတင်စာရင်းဝင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ပြောကြားကာ မြန်မာ့ လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးထွန်းလွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ အစီအစဉ်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး ဦးကြည်ဇင်ထွန်း၊ ရန်ကုန်စတော့အိပ်ချိန်း၊ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်ဦး ကိုယ်စား မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာနှင့် ရန်ကုန်စတော့အိပ်ချိန်း၊ ဒါရိုက်တာ ဒေါ်ဖြူဖြူဌေး၊ မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုး တိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ မောင်မောင်အေးတို့က ရန်ကုန်စတော့အိပ်ချိန်းတွင် မှတ်ပုံတင်စာရင်းဝင်ခြင်း အထိမ်းအမှတ် အောင်ဇေယျတုခေါင်းလောင်းတီးခတ်ကြပါသည်။

ယနေ့အတွက် MAGDPL ၏ ရှယ်ယာအစောင်ရေ ( 310 ) အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး နောက်ဆုံးအပိတ်စျေးအဖြစ် ရှယ်ယာတစ်စောင်လျှင် ( 22000 ) ကျပ် ဖြစ်ခဲ့ပါသည်။

MADPL ၏ ရှယ်ယာများကို အရောင်းအ၀ယ် ပြုလုပ်လိုပါက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများမှ တဆင့် ရင်းနှီးမြှုပ်နှံနိုင်ကြပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။